57
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ13
ကျွန်​တော်​မျိုး​သည်​ခို​လှုံ​ရန်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။
အို ဘု​ရား​သ​ခင်၊
သ​နား​တော်​မူ​ပါ။
မိုး​သက်​မုန်​တိုင်း​လွန်​သွား​သည်​အ​ထိ
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​တောင်​တော်​အ​ရိပ်​တွင်​ခို​လှုံ​ပါ​၏။
 
ငါ​လို​သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​တော် မူ​သော၊
အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​သည်​တောင်း​လျှောက်​ပါ​၏။
ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ထူး​တော်​မူ​၍ ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။
ငါ့​ကို​ညှဉ်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း တော်​မူ​လိမ့်​မည်။
ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ တော်​နှင့် သစ္စာ​တော်​ကို​ငါ့​အား​ပြ​တော်​မူ​လိမ့်​မည်။
 
ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။
သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။
သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။
 
အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊
ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို
ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း​ပေါ်​လွင်​ထင်​ရှား စေ​တော်​မူ​ပါ။
 
ရန်​သူ​တို့​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​ကြ​၏။
ငါ​သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။
သူ​တို့​သည်​ငါ​သွား​ရာ​လမ်း​တွင်​တွင်း​ကို တူး​ထား​ကြ​ပါ​၏။
သို့​ရာ​တွင်​ထို​တွင်း​ထဲ​သို့​သူ​တို့​ပင်​လျှင် ကျ​ကြ​၏။
 
အို ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ​ပါ​ပြီ။
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။
အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။
ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​လည်း​နေ​ကို​နိုး​ထ​စေ​မည်။
အို ဘု​ရား​ရှင်၊
ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​လယ်​တွင် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။
လူ​မျိုး​အ​ပေါင်း​တို့​၏​အ​လယ်​တွင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။
10 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊
ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​အာ​ကာ​သ​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။
11 အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို မိုး​ကောင်း​ကင်​တွင်​လည်း​ကောင်း၊
ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို
ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​ပါ။
13 57: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​သည်​ဥ​မင်​ရှိ​ရှော​လု​ထံ​မှ​ထွက်​ပြေး ပြီး​နောက်​စပ်​ဆို​သော​ဆာ​လံ။