အ​တွဲ ၅
107
(ဆာ​လံ၊ ၁၀၇-၁၅၀)
ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို ထော​မ​နာ​ပြု​ခြင်း
``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။
ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​
2-3 ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍
အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို
ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။
လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။
သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။
သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။
သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ
ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊
မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း
ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။
ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။
ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။
 
10 အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ
အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။
11 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​မိန့်​တော်​ကို​ဖီ​ဆန်​၍
အ​နန္တ​တန်​ခိုး​ရှင်​၏​ညွှန်​ကြား​ချက်​များ​ကို ပစ်​ပယ်​ကြ​သော​ကြောင့်​ဖြစ်​၏။
12 သူ​တို့​သည်​ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​ကြ​သ​ဖြင့် အား​အင်​ကုန်​ခန်း​ရ​ကြ​၏။
လဲ​ကျ​သော်​လည်း​သူ​တို့​အား​ထူ​မ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
13 သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​ထံ အော်​ဟစ်​ကြ​ရာ
ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
14 ကိုယ်​တော်​သည်​သူ​တို့​အား​မှောင်​မိုက်​အ​တိ ဖုံး​လွှမ်း​ရာ အ​ရပ်​မှ​ထုတ်​ဆောင်​တော်​မူ​၍
သူ​တို့​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး များ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
15 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော
မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား
ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​တွက် လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ပေ​မည်။
16 ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။
 
17 အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။
မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။
18 သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲ
သေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။
19 ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ
ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။
20 ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အား
ရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။
21 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော
မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊
မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်း
ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
22 သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက်
ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။
23 လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍
ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။
24 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော
အ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။
25 ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ
လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။
26 သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။
ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
27 သူ​တို့​သည်​အ​ရက်​မူး​သူ​များ​ကဲ့​သို့​ယိမ်း​ယိုင် လဲ​ကျ​ကြ​ကုန်​၏။
သူ​တို့​၏​ကျွမ်း​ကျင်​မှု​သည်​အ​ချည်း​နှီး​ပင်​ဖြစ်​၏။
28 ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ
ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။
29 ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။
30 ယင်း​သို့​လေ​ငြိမ်​သ​ဖြင့်​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ကုန်​၏။
ကိုယ်​တော်​သည်​သူ​တို့​သွား​လို​ရာ​သင်္ဘော​ဆိပ်​မြို့​သို့ ဘေး​မဲ့​လုံ​ခြုံ​စွာ​ပို့ဆောင်​တော်​မူ​၏။
31 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊
မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော
အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။
32 သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။
ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။
33 ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။
စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။
34 ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို
အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
35 ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊
ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။
36 ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။
သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။
37 သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။
ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။
38 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို
ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။
ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။
39 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့်
အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ
40 ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍
လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။
41 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍
သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။
42 သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။
သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။
 
43 အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍
ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။
107:1 ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။