2
ဖွားမြင်တော်မူခန်း
(မ၊ ၁:၁၈-၂၅)
1 ထိုကာလ၌ရောမနိုင်ငံတစ်ဝန်းလုံးရှိလူဦး ရေစာရင်းကိုယူရန် ကဲသာသြဂုတ္တုဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။-
2 ဤလူဦးရေစာရင်းယူခြင်းသည် ရှုရိပြည် ဘုရင်ခံ၊ ကုရေနိလက်ထက်တွင်ပထမဆုံး အကြိမ်ဖြစ်၏။-
3 လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။
4-5 ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
6 ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။-
7 ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။
သိုးထိန်းများနှင့်ကောင်းကင်တမန်များ
8 ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။-
9 ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။-
10 ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။-
11 ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။-
12 နို့စို့သူငယ်တစ်ဦးကိုအနှီးဖြင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသည်ကိုသင်တို့ တွေ့မြင်ကြလိမ့်မည်။ ဤအခြင်းအရာကို တွေ့မြင်သော်သူငယ်တော်ဖြစ်ကြောင်းသိရှိ နိုင်ကြလိမ့်မည်'' ဟုဆို၏။
13 ထိုကောင်းကင်တမန်အနီးတွင်များစွာသော ကောင်းကင်ဗိုလ်ခြေတို့သည်ရုတ်တရက်ပေါ် လာ၍၊ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက်
14 ``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။
ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော
လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း''
ဟုမြွက်ဆိုကြ၏။
15 ကောင်းကင်တမန်များကောင်းကင်ဘုံသို့ပြန် သွားကြသောအခါသိုးထိန်းတို့က``ငါတို့ သည်ဗက်လင်မြို့သို့သွားကြကုန်အံ့။ ငါတို့ အားထာဝရဘုရားဖော်ပြတော်မူသော အခြင်းအရာကိုကြည့်ရှုကြကုန်အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။
16 သူတို့သည်အလျင်အမြန်သွား၍မာရိနှင့် ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်တွင်သိပ် ထားသောသူငယ်တော်ကိုလည်းကောင်းတွေ့ ကြ၏။-
17 သူငယ်တော်ကိုတွေ့သောအခါသူငယ်တော်နှင့် စပ်လျဉ်း၍ မိမိတို့ကြားသိခဲ့သောအကြောင်း အရာများကိုပြောကြားကြ၏။-
18 သိုးထိန်းများပြောကြားချက်ကိုကြားရသူ အပေါင်းတို့သည်အံ့သြကြ၏။-
19 သို့သော်မာရိသည်အကြောင်းအရာအလုံးစုံ တို့ကိုမှတ်ကျုံးကာစဉ်းစားဆင်ခြင်လျက်နေ ၏။-
20 သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။
သူငယ်တော်ကိုနာမည်မှည့်ခြင်း
21 သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
သူငယ်တော်ကိုဗိမာန်တော်မှာ ဆက်ကပ်ခြင်း
22 မောရှေ၏ပညတ်ပြဋ္ဌာန်းချက်အရမိဘ နှစ်ပါးတို့သည်သန့်စင်ခြင်းမင်္ဂလာကိုပြု ရန်အချိန်ရောက်လာသဖြင့် သူငယ်တော်ကို ယေရုရှလင်မြို့သို့ခေါ်သွား၍ထာဝရ ဘုရားအားဆက်ကပ်ကြ၏။-
23 သားဦးမှန်သမျှကိုထာဝရဘုရားအား ဆက်ကပ်ရမည်ဟူ၍လည်းကောင်း၊-
24 ချိုးနှစ်ကောင်ကိုဖြစ်စေ၊ ခိုငယ်နှစ်ကောင်ကို ဖြစ်စေပူဇော်ရမည်ဟူ၍လည်ကောင်း ထာဝရ ဘုရား၏ပညတ်တော်တွင်ဖော်ပြပါရှိသည်နှင့် အညီဆက်ကပ်ပူဇော်ကြ၏။
25 ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။-
26 ``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။-
27 သူသည်ဝိညာဉ်တော်နှိုးဆော်ခြင်းခံရသဖြင့် ဗိမာန်တော်ထဲသို့ဝင်လေသည်။ ပညတ်တရား အရဆောင်ရွက်စရာဝတ်ကိုဆောင်ရွက်ရန် မိဘ နှစ်ပါးတို့သည်သူငယ်တော်အားဗိမာန်တော် သို့ခေါ်ခဲ့ကြသောအခါ၊-
28 ရှုမောင်သည်သူငယ်တော်ကိုပွေ့ချီ၍ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးလျက်၊
29 ထာဝရဘုရား၊ကိုယ်တော်ရှင်၏ကတိတော် ပြည့်စုံပြီးဖြစ်၍၊
ကိုယ်တော်ရှင့်ကျွန်သည်ငြိမ်သက်စွာ စုတေခွင့်ကိုပေးတော်မူပါ။
30-32 လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊
ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည်
ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင်
ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသော
ကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။
33 မိဘတို့သည်သူငယ်တော်နှင့်ပတ်သက်၍ ရှုမောင်ပြောဆိုသောစကားများကိုကြား သောအခါအံ့သြကြ၏။-
34 ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
35 မိမိတို့၏စိတ်နှလုံးအကြံအစည်များကို ပေါ်လွင်စေကြလိမ့်မည်။ သင်၏အသည်းနှလုံး သည်သန်လျက်ဖြင့်အခွင်းခံရသကဲ့သို့ဖြစ် လိမ့်မည်'' ဟုမယ်တော်မာရိအားမြွက်ဆို၏။
36 အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။-
37 ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။-
38 သူငယ်တော်ကိုဆက်ကပ်သည့်အချိန်၌ထို အမျိုးသမီးသည်ရောက်လာပြီးလျှင် ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး၏။ ထို နောက်ယေရုရှလင်မြို့ကိုကယ်တင်တော်မူ လိမ့်မည်ဟု စောင့်မျှော်နေကြကုန်သောလူ အပေါင်းတို့အားသူငယ်တော်၏အကြောင်း ကိုပြောဆို၏။
နာဇရက်မြို့သို့ပြန်ကြခြင်း
39 မိဘနှစ်ပါးတို့သည်ထာဝရဘုရား၏ပညတ် တော်ပြဋ္ဌာန်းချက်ရှိသမျှကိုဆောင်ရွက်ကြ ပြီးနောက် ဂါလိလဲပြည်၊ နာဇရက်မြို့ဟု ခေါ်သောမိမိတို့၏ဌာနေသို့ပြန်ကြ၏။-
40 သူငယ်တော်သည်ကြီးပြင်းသန်စွမ်းလာ၏။ ဉာဏ်ပညာတိုးတက်လာ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုခံစားလျက်နေ၏။
ဗိမာန်တော်တွင်သူငယ်တော်ယေရှု တရားဆွေးနွေးခြင်း
41 သူငယ်တော်၏မိဘတို့သည်နှစ်စဉ်ပသခါ ပွဲတော်ခံချိန်၌ ယေရုရှလင်မြို့သို့သွားလေ့ ရှိကြ၏။-
42 သူငယ်တော်သည်အသက်တစ်ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ယေရုရှလင်မြို့သို့ သွားကြ၏။-
43 ပွဲတော်ပြီးဆုံးချိန်၌အိမ်သို့ပြန်ကြ၏။ ထို အခါသူငယ်တော်သည်ယေရုရှလင်မြို့မှာ နေရစ်၏။ ထိုသို့နေရစ်သည်ကိုမိဘများ မသိကြ။-
44 ခရီးသည်လူစုထဲတွင်ပါလာလိမ့်မည်ဟု ထင်မှတ်ကြ၏။ တစ်နေ့ခရီးပြုကြပြီးမှ ဆွေမျိုးအသိအကျွမ်းများထဲတွင်သူငယ် တော်ကိုရှာကြ၏။-
45 မတွေ့သဖြင့်ယောသပ်နှင့်မာရိသည်ယေရုရှလင် မြို့သို့ပြန်၍ရှာကြ၏။ တတိယနေ့တွင်သူငယ် တော်ကိုဗိမာန်တော်အတွင်းမှာတွေ့ကြ၏။-
46 သူသည်ယုဒဆရာတော်များနှင့်အတူထိုင် ကာသူတို့၏တရားစကားများကိုကြားနာ လျက်၊ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်နေ၏။-
47 သူငယ်တော်၏စကားကိုကြားကြသောသူ အပေါင်းတို့သည်သူ၏အသိပညာနှင့်ဖြေ ကြားချက်များကိုအံ့သြကြ၏။-
48 ယောသပ်နှင့်မာရိတို့သည်တွေ့လျှင်အံ့အားသင့် ကြ၏။ ထိုနောက်မယ်တော်က ``ငါ့သား၊ သင်သည် အဘယ်ကြောင့်ငါတို့ကိုဤသို့ပြုပါသနည်း။ သင့်ဖခင်နှင့်ငါသည်စိုးရိမ်ကြီးစွာဖြင့်ရှာခဲ့ ရ၏'' ဟုပြော၏။
49 သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။-
50 သူတို့သည်ထိုစကားကိုနားမလည်ကြ။
51 ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။-
52 သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။