31
အီဂျစ်ပြည်ကိုအာရစ်ပင်နှင့်နှိုင်းယှဉ်ခြင်း
1 ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ
သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။
သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
3 အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။
ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍
ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
4 ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။
မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။
ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင်
သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။
5 အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။
အကိုင်းအခက်များသည်လည်းရှည်လျား၏။
6 ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။
တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။
ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။
7 ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။
ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။
ယင်း၏အမြစ်တို့သည်လည်းမြေအောက်
စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။
8 ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။
အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။
အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။
ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
9 ငါသည်ထိုအပင်ကိုဝေဆာသော အကိုင်းအခက်များဖြင့်
လှပတင့်တယ်အောင်ပြုလုပ်ထားသဖြင့်
ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော် မှ သစ်ပင်တကာတို့ကပင်မနာလိုဖြစ် ကြ၏။''
10 ``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
11 ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-
12 ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
13 ငှက်တို့သည်လာ၍လဲနေသောအပင်တွင် နားကြလိမ့်မည်။ တောရဲတိရစ္ဆာန်တို့သည် ယင်း၏အကိုင်းအခက်များကိုကျော်နင်း ကြလိမ့်မည်။-
14 သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
15 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-
16 ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
17 ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။
18 အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။